ရှားတော စက်တင်ဘာ ၈
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာဒေသမှ ရှားတောမြို့နယ်အတွင်း ဝင်ရောက်လာမည့် ပြည်သူများအား facility Quarantine ထားရှိဆောင်ရွက်သွားမည်ဖြစ်သဖြင့် Community Based facility Quarantine အဖြစ် ဖွင့်လှစ်မည့် အဆောက်အဦများတွင် Quarantine ဝင်ရောက်မည့် ပြည်သူများအတွက် အဆင်ပြေစေရေး ရေ၊ မီး၊ အိမ်သာနှင့် နေရေးထိုင်ရေးကိစ္စများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)