ဟားခါး စက်တင်ဘာ ၈
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် လိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်း ပိုင်ရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ဟားခါးမြို့၊ အဝေးပြေး ကားဂိတ်တွင် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့ဝင် များက အသိပညာ ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက Stay at Home ကြေညာထားသော မြို့နယ်များမှ ခရီးသည်များကို လက်မှတ်ရောင်းချခြင်းမပြုရန်၊ ဟားခါးမြို့နယ် နေထိုင်သူများမှ ခရီးသွား ထောက်ခံစာ ပါရှိရန်၊ မော်တော်ယာဉ်လိုင်းများတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များက ခရီးစဉ်ပြီးဆုံးမှသာလျှင် ခရီးသည်များအား ဆင်းခွင့်ပြုရန်နှင့် လမ်းခရီး တစ်ဝက်တွင် ဆင်းခွင့်ပေးခြင်းများ မပြုရန်၊ ယာဉ်ပေါ်ပါ ခရီးသည်၏ခရီးသည်စာရင်း၊ ခရီးသွားရာဇဝင် အထောက်အထားများပါရှိရမည်ဖြစ်ပြီး မော်တော်ယာဉ်လိုင်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားစေလိုကြောင်း၊ ဟားခါးမြို့နယ် အတွင်းဝင်ရောက်လာသည့် ခရီးသွားပြည်သူများအနေဖြင့် အထောက်အထား ခိုင်လုံမှု မရှိပါက Facility Quarantine ၂၁ ရက် သီးသန့်ထားရှိစောင့်ကြည့်မှုပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ဟားခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် ပြည်သူအများက ဝိုင်းဝန်းကူညီသွားရန် လိုအပ်ကြောင်း မော်တော်ယာဉ်ဂိတ်မှူးနှင့် ဂိတ်ပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များက သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျော်စွာဟိန်း (ပြန်/ဆက်)