ဟားခါး စက်တင်ဘာ ၈
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ် များကို စနစ်တကျတပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ အစားအသောက် ပစ္စည်းအရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံ ဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန်များတွင် အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပူးပေါင်း ကော်မတီအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့ ပါဝင်ပြီး ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန် အရောင်းဆိုင် (၂၀)ဆိုင်ကို ကွင်းဆင်း စစ်ဆေးခဲ့ကြရာ ငွေကျပ်(၂)သိန်းကျော် တန်ဖိုးရှိ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများကို စျေးကွက်အတွင်း ရောင်းချရန် မသင့်တော့သဖြင့် သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရရှိသည့် သက်တမ်းလွန် စားသောက်ကုန်များကို ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် နှင့်အတူ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ချင်းပြည်နယ်အစား အသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် သက်မှတ်စံနှင့် ကိုက်ညီမှုမရှိသည့် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အစားအသောက်များကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)