ရွှေသောင်ယံ မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့မှာ ဝါးဖြင့်ပြုလုပ်သော အိမ်အသုံးအဆောင် ပစ္စည်းများ ရက်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေကောင်းကာ ဝါးထရံရက်လုပ်သူများအဆင်ပြေ လျက်ရှိကြောင်း သိရသည်။
"ဝါးထရံရက်လုပ်ခမှာ တစ်တောင် လေးတောင်တစ်ချပ်ကို ထောင့်ငါးရာ ရပါတယ်။ လေးတောင် ပတ်လည်တစ်ချပ်ကို ခြောက်ထောင်ရပါတယ်၊ ဝယ်ယူသူတွေရဲ့ လိုချင်တဲ့အတိုင်းအတာကို ရက်လုပ်ပေးရတာပါ၊ တစ်လကို ပျမ်းမျှ ဆယ့်ငါးချပ်၊ အချပ်နှစ်ဆယ်လောက် ရက်လုပ်ရပါတယ်၊ ဝင်ငွေအနေနဲ့တော့ အတိအကျမရှိပါဘူး တစ်သိန်းခွဲခန့်ရပါတယ်" ဟု ရွှေသောင်ယံမြို့အမှတ် (၂) ရပ်ကွက်မှ ဝါးထရံလုပ်ငန်းလုပ်ကိုင်သော ဦးသန်းထွန်းထံမှ သိရပါသည်။
အဆိုပါ လုပ်ငန်းတွင် ဝါးထရံအပြင်၊ အကွက်ကျဲငါးလှမ်းစင်များ၊ ယိုင်ပတ်များကို ရက်လုပ်လျက်ရှိကာ ဒေသထွက်ခရင်ဝါး အမျိုးအစားဖြင့် ရက်လုပ်လျက်ရှိကြောင်း၊ ကုန်ကြမ်း ခရင်ဝါးတစ်ရာစည်း တစ်စည်းကို ခြောက်ထောင်ကျပ်ဖြင့် ဝယ်ယူရက်လုပ်ရကြောင်း ဦးသန်းထွန်းထံမှ သိရသည်။
ကိုကိုမောင်-ရွှေသောင်ယံ(ပြန်/ဆက်)