ဟားခါး စက်တင်ဘာ ၄
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုပ်နောလ်က အမှာစကား ပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ် အစီအမံများ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာရန်နိုင်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမန်ကြင်တီလ် (ကူးစက်ရောဂါ ထိန်းချုပ်ရေး)တို့က ဆန္ဒမဲမပေးမီ မဲရုံများ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည့် ကျန်းမာရေးကာကွယ် စောင့်ရှောက်မှု နည်းလမ်းများ၊ မဲဆန္ဒရှင်များကြိုတင်မဲ မဲရုံ၌ဆန္ဒမဲ ပေးရာတွင် ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံအဖွဲ့ဝင်များကြိုတင် ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးညွန့်လွင်က ကျန်းမာရေး အထောက်အကူပြု ကော်မတီများ၏ ဆောင်ရွက်မည့်ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းစဉ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် တက်ရောက်လာသူများက ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက် အကူပြုကော်မတီ၏ လုပ်ငန်းစဉ်(၇)ရပ်ကို ဆွေးနွေး မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း