ယင်းမာပင်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

ယင်းမာပင်  မတ်  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ကြိုတင်ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယင်းမာပင်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က   မိမိတို့ခရိုင်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နိုင်ရေးတွေကို ဆောင်ရွက်ရာတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကြည်ဝင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးမှုများကို ရပ်ကွက်၊ ကျေးရွာများတွင် လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်လက်၍လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို မိမိတို့ခရိုင်အတွင်း ပြည်သူများ သိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ခရိုင်အဆင့် ဌာနဆိုင်ရာများမှ အသိပညာပေးရေး ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က တင်ပြမှုများအပေါ် လက်တွေ့ဆောင်ရွက်ရမည့် အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)