ဘောလခဲမြို့လယ် မီးပွိုင့်လမ်းဆုံတွင် လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်

ဘောလခဲ  စက်တင်ဘာ ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၅) နာရီမှ(၇)နာရီအချိန်ထိ မြို့လယ်လမ်းဆုံမီးပွိုင့်၌ ခရီးသွား ပြည်သူနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်း၊ မြို့နယ် ကျန်းမာရေးမှူး ဦးစိုးပိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသန်းထိုက်ဦး၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၀)ယာဉ်ထိန်းရဲ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ကြပြီး မြို့လယ်လမ်းဆုံ မီးပွိုင့်တွင် ပူးပေါင်း စစ်ဆေးစဉ် ဖြတ်သန်းသွားလာကြသည့် ခရီးသွားပြည်သူများနှင့် မြို့နေပြည်သူများ အား Mask တပ်ဆင်ခြင်းရှိ/ မရှိ ရှောင်တခင်စစ်ဆေးပြီး Mask တပ်ဆင်ခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်သည့်အနေနှင့် Mask နှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဒဏ်ကြေးငွေ ပေးဆောင်မှုအနေနဲ့ ဆောင်ရွက်ခဲ့သည့်အတွက် ယခင်ကထက် လမ်းသွား လမ်းလာများမှာ Mask တပ်ဆင်သူ ပိုများပြားလာပြီဖြစ်ပြီး နယ်ဝေးမှ နှမ်းခုတ်လာရောက်သူနှင့် ကုမ္ပဏီအလုပ်ဆိုဒ်များမှ လုပ်သားများကို အများဆုံးပညာ ပေးဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီများ အနေဖြင့် မဖြစ်မနေ Mask တပ်ဆင်ရေးကို အရှိန်အဟုန်မပြတ် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှရွှေ