ဖလမ်း စက်တင်ဘာ ၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများအားလုံးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစဉ်အလာတွင် ထည့်သွင်း ထိုးနှံရန်နှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းပို့ချခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်းရှိ ချယ်ရီခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
သင်တန်းတွင် အမျိုးသမီးများ၌ အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်များ၊ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်အတွက် ဦးတည်ရောဂါများနှင့် အဆိုပါ ရောဂါများကို ကာကွယ်ရန် ကာကွယ်ဆေးများအကြောင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေးကို အလုံးစုံ တိုးတက်စေရန် အခွင့်အလမ်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါပိုး ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာ ထိန်းချုပ်ခြင်းနှင့် ဆယ်ကျော်သက်အရွယ် ကျန်းမာရေး ဝန်ဆောင်မှု ဆက်စပ်ပေးသည့် အခွင့်အလမ်းများအကြောင်းကို ဖလမ်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်းများများ တက်ရောက် ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)