ဟားခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟားခါး စက်တင်ဘာ  ၂

ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုထားသည့် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အသိပေးနိူးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နှိုးဆော်သတိပေးချက်များတွင် တတ်နိုင်သမျှ မိမိအိမ်မှာတင်နေပါရန်၊ လူစုလူဝေးရှိရာနေရာများသို့ (လုံးဝ)မသွားကြပါရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအခွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေနိုင်ရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် ဆေးကြောကြပါရန်၊ နိုင်ငံခြားမှပြန်ရောက် လာသူများအား အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်စေပါ၊ တရားမဝင်ပြန်လည် ဝင်ရောက်လာ သူများရှိက မဖြစ်မနေသတင်းပို့ပါရန်၊ ရောဂါပိုး ရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊ သံသယရောဂါ လက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုင်းခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှုရခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန(သို့မဟုတ်) အုပ်ချုပ်ရေးမှူးရုံး သို့အမြန်ဆုံး သတင်းပေးပါရန်နှင့် ရောဂါပိုးရှိ သူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေ ဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပေးကြရန်တို့ကို  တိုင်းရင်းသားဘာသာ၊  မြန်မာဘာသာတို့ဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ပူးပေါင်း၍နေ့စဉ် နှိုးဆော် သတိပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြည်နယ်လူမှု ဝန်ထမ်းဉီးစီးဌာနဝန်ထမ်းများက အသံချဲ့စက်များ၊ လက်ကိုင်စပီကာ များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတိပြုရန်အချက်များကို လိုက်လံနှိုးဆော်ခြင်းများနှင့်အတူ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)