နန်းယွန်း သြဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှင်ဗွေယန်၊ ပန်ဆောင်၊ ဒုံဟီးလမ်းဆုံ၊ နေရာ၌ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နန်းယွန်းမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီများ ပူးပေါင်းပြီး မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ရပ်နီး၊ ရပ်ဝေးမှခရီးသွား ပြည်သူများအား ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ဝင်ဂိတ်တွင် လက်ဆေးစင် တပ်ဆင်ခြင်း၊ လူအဝင်အထွက်များသည့် ပြည်သူ့ဆေးရုံ၊ ရပ်ကွက်(၃)ရပ်ကွက်ရှိ အများပြည်သူ သွားလာမှုများသည့် မြို့နယ်စည်ပင်ဈေးနေရာများတွင် လက်ဆေးစင်နှင့်ဆပ်ပြာများ ပြန်လည် ထားရှိပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ပိုစတာပြသခြင်းတို့ကို နန်းယွန်းမြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ ပူးပေါင်း၍ အရှိန်အဟုန်ပြင်ဆင်ပြီး ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)