ဖားဆောင်း သြဂုတ် ၂၈
ကယားပြည်နယ်၊ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖားစည် သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်ရှိ အသက်(၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးငယ်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
အလားတူ ယမန်နေ့ညနေပိုင်းက အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် တာဝန်ရှိသူများက မော်ချီးကျေးရွာအုပ်စု၊ လိုခါးလိုကျေးရွာအုပ်စု၊ ကွာခီးကျေးရွာအုပ်စု၊ ကရယ်ခီး ကျေးရွာအုပ်စု၊ ဗဟန်းလော့ကျေးရွာအုပ်စု၊ မိုဆာခီးကျေးရွာအုပ်စု၊ ကော်ဒူဒိုးကျေးရွာအုပ်စု၊ ဖားဆောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဖားဆောင်းမြို့နယ်တွင်အတွင်း အသက်( ၈၅)နှစ်အထက် ဘိုးဘွား(၅၀)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀၀/)ကျပ်၊ တတိယသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်(၄၇၃)ဦး၊ကလေး(၉၃၀)ဦးအား ထောက်ပံ့ငွေ(၅၇၀၁၅၀၀၀-/)ကျပ်၊ စတုတ္ထသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၄၇၇)ဦး၊ ကလေး (၇၉၀)ဦးအား ထောက်ပံ့ငွေ(၆၃၁၃၅၀၀၀-/)ကျပ်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)