ပုသိမ်မြို့နယ်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

ပုသိမ် မတ် ၃၁

ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စုပေါင်းရုံး အစည်းဝေးခန်းမ၌ COVID-19 ရောဂါနှင့် ပတ်သက်၍ မြို့နယ်အဆင့် ကော်မတီအဖွဲ့များ၏ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စတင်၍ ဆွေးနွေးခဲ့ကြသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဦးတင်အောင်ဝင်းက ဆေးဝါးထောက်ပံ့မှုနှင့် ပြည်ပမှ ပြန်လာသူ များကို ဝန်ဆောင်မှုပေးရေး လုပ်ငန်းများအတွက် ဝန်ထမ်းအင်အား လျော့နည်းခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ပုသိမ်မြို့နယ်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို စာရင်းပြုစုထားရှိရန်နှင့် ၎င်းတို့နှင့် ဆက်နွယ်ခဲ့သူများ၊ စီးနင်းခဲ့သည့်ယာဉ်လိုင်းများ စသည်တို့ကိုမှတ်တမ်းထားရှိရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ကောလာဟလသတင်းများကို ချေပ၍ ပြည်သူများထံ သတင်းမှန်များ သိရှိအောင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရေး၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ဆောင်ရွက်သင့်သည်များကို ဆက်နွယ်သည့် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရေး တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြည်ပမှ ပြန်လည်ရောက်ရှိသူများနှင့် ပတ်သက်၍ တိကျသော အထောက်အထားမှတ်တမ်းများ ထားရှိရေး၊ ၁၄ရက် စောင့်ကြည့်စဉ် ကာလအတွင်း ထားရှိသည့် အဆောင်နှင့် လိုအပ်ချက်များ မည်သို့ဆောင် ရွက်သွားသင့်သည် များကိုလည်းကောင်း၊ စောင့်ကြည့်သူများထဲမှ ရောဂါပိုး Positive ဟုသိရလျှင် မည်သည့် ကြိုတင် အစီအမံများ ဆောင်ရွက်ထားရှိရမည်တို့ကို ဆွေးနွေးသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြည်ပမှ ပြန်လည် ရောက်ရှိသူများ အတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများ နှင့် လူမှုရေး အသင်းများမှ ပူးပေါင်း၍ အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ဆောင်ကြရေး၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အပိုင်းမှလည်း ထုတ်ပြန်ထားသည့် ညွန်ကြားချက်များအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ကြစေလိုကြောင်း (ဥပမာ− လူစုလူဝေးမပြုရန်ဆိုသည့် နေရာတွင် ရှင်ပြုပွဲများ၊ မင်္ဂလာဆောင် စသည့် လူမှုရေး ကိစ္စရပ်များကျင်းပခြင်း) ကို တိကျစွာ လုပ်ဆောင်သွားရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြပြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် Ayeyarwady development public ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ငွေကျပ် ဆယ်သိန်း တိတိကို ပေးအပ်လှူဒါန်းရာ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်