ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်‌ရေးစင်တာ (၇) ခုဖွင့်လှစ်၍ ပြည်ပမှ ပြန်လာသူ (၁၀၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ညောင်တုန်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် သီးခြားထားရှိသော နေရာအဖြစ် စောင့်ကြည့်‌ရေးစင်တာ (၇) ခုကို ပြင်ဆင်ဆောင်ရွက်ထားရှိရာ မတ်လ (၂၇) ရက်နေ့မှစတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စောင့်ရှောက်ကြီးကြပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ညောင်တုန်းမြို့နယ်တွင် ရက်ကွက်/ကျေးရွာများအလိုက် ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသော စောင့်ကြည့်ရေး စင်တာနေရာများအဖြစ် မြို့ပေါ် ရပ်ကွက် (၁၀) ခုနှင့် နီးစပ်ရာနေရာများရှိ ပြည်ပနိုင်ငံများမှ ပြန်လာသူများကို အ-ထ-က (၁)နှင့် ကျေးရွာများတွင် သပြေချောင်းကျေးရွာ၊ ဆားမလောက်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ငှက်ပျောကျွန်းကျေးရွာ၊ ချောင်းကြီးကျေးရွာ၊ နတ်ပေး ကျေးရွာ တို့ရှိ စာသင်ကျောင်းစသည့် စောင့်ကြည့်ရေးစင်တာ (၇) နေရာအား သီးခြားထားရှိရန် နေရာအဖြစ် သတ်မှတ်ထား၍ ပြင်ဆင် ဆောင်ရွက်ထားရှိပါသည်။

ညောင်တုန်းမြို့နယ်တွင် မတ်လ ၂၇ ရက်နေ့၌  ပြည်ပမှ ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသော စောင့်ကြည့်ရေး စင်တာနေရာများဖြစ်သည့် အ-ထ-က (၁) တွင် (၁၉) ဦး၊ အ-ထ-က (ဆားမလောက်) တွင် (၁၄) ဦး၊ အ-ထ-က (ခွဲ) မဲဇလီတွင် (၁၁) ဦး၊ အ-ထ-က သပြေချောင်းတွင် (၆) ဦး စုစုပေါင်း (၅၀) ဦး၊ မတ်လ ၂၈ ရက်နေ့တွင် အ-ထ-က (ချောင်းကြီး) တွင် (၇) ဦး၊ အ-ထ-က (ဆားမလောက်) တွင် (၇) ဦး၊ အ-ထ-က (ခွဲ) (မဲဇလီ) တွင် (၅) ဦး၊ အ-ထ-က (ငှက်‌ပျောကျွန်း)တွင် (၁) ဦး၊ အ-ထ-က (သပြေချောင်း) တွင် (၁) ဦး စုစုပေါင်း (၂၁)ဦး၊ မတ်လ (၂၉) ရက်နေ့တွင် အ-ထ-က (နတ်ပေး) တွင် (၈) ဦး၊ အ-ထ-က (ဆားမလောက်) တွင် (၂) ဦး၊ အ-ထ-က (ခွဲ) (မဲဇလီ)တွင် (၂) ဦး စုစုပေါင်း (၁၂) ဦးနှင့် မတ်လ ၃၀ ရက်နေ့တွင် အ-ထ-က (နတ်ပေး) တွင် (၁၄) ဦး၊ အ-ထ-က (သပြေချောင်း) တွင် (၃) ဦး စုစုပေါင်း (၁၇) ဦး ထပ်မံရောက်ရှိလာခဲ့ရာ (၄) ရက်ပေါင်း လူဦးရေ (၁၀၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန် သီးခြားထားရှိသော စောင့်ကြည့်‌ရေးစင်တာ (၇) ခု အား လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့တို့မှ သွားရောက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)