မယ်စဲ့ ဩဂုတ် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ တောင်သူဦးညွှန့်မောင် ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၉)၊ စိုက်ဧက(၂.၅၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈)နာရီက ပြုလုပ်ခဲ့သည်။
တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်ခ၊ ပျိုးနှုတ်ခ သက်သာသည့်အပြင် မျိုးစေ့ နှုန်းထားသက်သာစေခြင်း၊ အလုပ်သမားရှားပါးသည့်အတွက် ကောက်စိုက်ခသက်သာခြင်း၊ တစ်ဧက ကုန်ကျစရိတ် သက်သာစေခြင်း၊ သင့်တင့်သော အထွက်နှုန်း ထွက်ရှိစေခြင်းနှင့် တစ်ဧက အကျိုးအမြတ် များစွာရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို ယခင်နှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် တောင်သူများ စိတ်ဝင်စားမှုရှိသဖြင့် နမ့်မန်းကျေးရွာအုပ်စု တောင်သူများ ၏ လယ်မြေ(၁၅)ဧကတွင် စိုက်ပျိုးပေးလျက်ရှိသည်။
အဆိုပါ မျိုးစေ့တိုက်ရိုက်ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြခြင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ကွင်းဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးထားရှိသော (Seeder) စိုက်ခင်းများအတွက် လိုအပ်သည့်နည်းပညာများ ပံ့ပိုးပေးခြင်း၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ ဓါတ်မြေဩဇာ များကို အခမဲ့ဖြန့်ဖြူးဆောင်ရွက်ပေး လျက်ရှိပြီး မျိုးစေ့ချ ကိရိယာများကို စိုက်ပျိုးရေးဦးစီးဌာနတွင် အခမဲ့ငှားရမ်းနိုင်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)