မယ်စဲ့ ဩဂုတ် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးသူငယ် များအား တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက နိုင်ငံတော်မှ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား များအား လူမှုရေးပင်စင် ၃ လတစ်ကြိမ် ထောက်ပံ့ငွေပေးအပ်သွားမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မှမွေးဖွား လာသော ၂ နှစ်အောက် ကလေးသူငယ်များအား တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)နှင့် စတုတ္ထသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် ၂ ကြိမ်ပေါင်း၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်သိန်းသိန်းမြင့်နှင့် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးသူငယ် များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ် အောက် ကလေးသူငယ်များအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လူမှုဝန်ထမ်းမှ တာဝန်ရှိသူများက ထောက်ပံ့ငွေ အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် အဘိုး(၃)ဦးနှင့် အဘွား (၇)ဦး စုစုပေါင်း (၁၀)ဦး ခန့်ရှိပြီး တတိယသုံးလ ပတ် အတွက် ကိုယ်ဝန်ဆောင်မိခင် (၁၆၆)ဦးနှင့် ကလေး(၂၀၂)ဦး စုစုပေါင်း ၃၆၈ ဦးအား ထောက်ပံ့ငွေ ကျပ် (၁၆.၅၆)သန်း၊ စတုတ္ထ သုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၁၁၈)ဦးနှင့် ကလေး(၂၇၀)ဦး စုစုပေါင်း ၃၈၈ ဦးအား ထောက်ပံ့ငွေ ကျပ် (၁၇.၄၆)သန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)