ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူအားလုံးကို Community Quarantine ပြင်ဆင်ထားရှိပြီး သက်ဆိုင်ရာကြီးကြပ်ကော်မတီများက ကွင်းဆင်းစစ်ဆေးလျက်ရှိ

ကျောက်ပန်းတောင်း  မတ်  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ကုသနိုင်ရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအားလုံးကို၊ (၁၄)ရက်စောင့်ကြည့်နိုင်ရန် သက်ဆိုင်ရာကျေးရွာ အလိုက် Community Quarantine များဆောင်ရွက်ထားရှိပြီးဖြစ်ရာ၊ အဆိုပါ သတ်မှတ်နေရာများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များက၊ မတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်မြို့နယ်တွင် မြို့ပေါ်၌အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း(ရွှေပုပ္ပားဆောင်)၊ မြပါရမီကျောင်း ဆောင်၊ အမှတ်(၂)အ.ထ.က နှင့်မြို့နယ်ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်တို့ကို မြိုနယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်လူငယ် ကော်မတီအဖွဲ့၊ ပရဟိတအဖွဲ့များဖြင့် နေရာထိုင်ခင်းပြင်ဆင်ခြင်း၊ သန့်ရှင်းရေဆောင်ရွက်ခြင်းနှင့်ပိုးသတ်ဆေးဖျန်းခြင်းများ ကိုဆောင် ရွက်ထားရှိပြီး၊ ကျေးရွာများတွင်လည်း ကျေးရွာရပ်မိရပ်ဖများ၊ လူငယ်များပူးပေါင်း၍ ပြင်ဆင် ထားရှိပြီး ဖြစ်ရာ၊ အဆိုပါ အဆောက်အဉီများတွင် ရေ/မီး တပ်ဆင်ထားရှိမှု၊ သန့်စင်ခန်းများပြင်ဆင်ထားရှိမှု အခြေအနေများကကွင်းဆင်း   စစ်ဆေးကြခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးကျော်တုတ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ကြီး ကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု Community Quarantine ကြီးကြပ်ရေးကော်မတီ အဖွဲ့များက မိမိတို့အဖွဲ့အလိုက် ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ(၂၉)ရက်နေ့အထိ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း (၅၃၃) ဦးရှိကြောင်းသိရပြီး၊ အဆိုပါ ပြည်ပပြန်များအား (၁၄)ရက်စောင့်ကြည့်စစ်ဆေးနိုင်ရန်အတွက် ကျေးရွာ အသီးသီးတွင် Community Quarantine (၄၄)နေရာပြင်ဆင်ထားရှိ၍ (၂၅-၃-၂၀၂၀)ရက်နေ့မှစတင်လက်ခံထားရှိကြောင်းသိရပြီး၊ မြို့ပေါ် တွင် ပြင်ဆင်ထားရှိသည့်(၄)နေရာတွင် လက်ခံထားရှိမှု မရှိသေးကြောင်း သိရသည်။  

နေအောင်(ပြန်/ဆက်)