ရှားတော သြဂုတ် ၂၈
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာ ဆောင်ရွက် ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင် နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာ ဒေါ်သိင်္ဂီအေး ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရပ်/ကျေးစာရေးတို့က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်နှင့် အညီဖြစ်စေရေး လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာထားရှိခြင်း၊ ဆိုင်ဝန်ထမ်းများ Mask တပ်ဆင်ခြင်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက် ထားရှိ ခြင်း စသည့်အချက်များကို ဆောင်ရွက်ထားရန် ညွှန်ကြားထားမှုအပေါ် လိုက်နာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ရာ စစ်ဆေးခဲ့သော ဆိုင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက် ထားရှိကြောင်း တွေ့ရသဖြင့် ဆက်လက် လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)