တွန်းဇံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(ERP)အစီအစဉ်အရ မိုးစပါးထုတ်တောင်သူများအား ထောက်ပံ့ငွေပေး

တွန်းဇံ ဩဂုတ် ၂၈

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(ERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉ - ၂၀၂၀ ပြည့်နှစ် မိုးစပါးထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုး က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုဆန်းက COVID-19 စီးပွားရေးကုစားမှု(ERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း၏ ရည်ရွယ်ချက်နှင့် တောင်သူများ အနေဖြင့် မျိုးစေ့ရောစပ်မှု မရှိစေရေးအတွက် စနစ်တကျသန့်စင်ရန်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ပေးကြရန်နှင့် ထွက်ရှိလာသော မျိုးစပါး၏ (၅၀)ရာခိုင်နှုန်းအား ပြန်လည်ဖြန့်ဖြူပေးရန် စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

ထိုနောက် တာဝန်ရှိသူများက လယ်တစ်ဧကလျှင် ရွှေရင်အေးမျိုးစေ့ တစ်တင်းနှင့် မျိုးစပါး ထုတ်လုပ်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ်(၁၄၅၀၀၀/-)နှုန်းဖြင့် တွန်းဇံမြို့နယ်၊ နတ်ဇန်ကျေးရွာရှိ တောင်သူ(၈)ဦးအား ရွှေရင်အေးမျိုးစေ့(၁၀)တင်းနှင့် မျိုးစပါး ထုတ်လုပ်ရာ တွင် အသုံးပြုရန်အတွက် ငွေ(၁၄၈၅၀၀၀/-)ကျပ်ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)