ရေဇွာ သြဂုတ် ၂၈
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများ ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်များကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့် လူငယ်များ ပူးပေါင်းပြီး မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ရပ်နီး၊ရပ်ဝေးမှ ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ဝင်ဂိတ်တွင် လက်ဆေးစင်များ ပြန်လည်တပ်ဆင်ခြင်း၊ လူအဝင်အထွက်များသည့် ပြည်သူ့ဆေးရုံ၊ ရပ်ကွက်(၄)ရပ်ကွက်ရှိ အများပြည်သူ သွားလာမှုများသည့် လမ်းဆုံလမ်းခွ နေရာများတွင် လက်ဆေးစင်နှင့် ဆပ်ပြာများ ပြန်လည်ထားရှိပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ပိုစတာပြသခြင်း များကို ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့် လူငယ်များပူးပေါင်းပြီး အရှိန်အဟုန် မြှင့်တင်ပြီး ပြန်လည် ဆောင်ရွက်လျက်ရှိပါသည်။
ဆက်လက်၍ ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များကို အလေးထားလိုက်နာကြရန် ခရီးသွားပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)