ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ကြည့်ရှုအားပေး

တီးတိန် သြဂုတ် ၂၈

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သောမဲစာရင်း ရရှိနိုင်ရေး တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မဲစာရင်း စိစစ်ရေးအဖွဲ့များဖွဲ့ကာ တစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းနှင့် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးအတွက် မိသားစု ကုတ်နံပါတ်များ လိုက်လံကပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တီးတိန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှစိုးက မြို့မရပ်ကွက်နှင့် ဆိုင်းဇံကျေးရွာသို့ ယနေ့ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသူများ ပါဝင်ခွင့်ရရှိရေးအတွက် ပုံစံ(၃)ဖြင့် ပြန်လည်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများကို တွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် အချိန်မီ ပြန်လည်လျှောက်ထား နိုင်ရေးအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြရန် အားပေးလျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် ခိုင်ကမ်းမြို့ရပ်ကွက် (၄)ခု အပါအဝင် မြို့ပေါ်ရပ်ကွက်(၈)ခု၊ ကျေးရွာအုပ်စု (၅၅)ခုရှိပြီး မဲရုံ(၁၄၀)ရုံအား လျာထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)