ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

ဟားခါး  သြဂုတ် ၂၇

ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများနှင့် NGO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံအတွင်းရှိ ကလေးသူငယ်များသည် နိုင်ငံ၏ ရင်နှစ်သည်းချာကလေးများဖြစ်ပြီး အနာဂတ်နိုင်ငံကို ထုဆစ်ပုံဖော်မည့်သူများ ဖြစ်ရာ၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့ပြီးနောက် ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ကလေးသူငယ်ဆိုင်ရာ အခြေခံမူများ၊ ဟားခါးခရိုင်အတွင်း  ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ဆောင်ရွက် ထားရှိမှုများ၊ ဟားခါးခရိုင်အတွင်း ကလေးသူငယ်ဆိုင်ရာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူးက ဖြည့်စွက်ဆွေးနွေးပေးကာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

 ခရိုင်(ပြန်/ဆက်)