COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံ လုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေများ လှူဒါန်း

စစ်ကိုင်း မတ် ၃၁

COVI-19 ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံလုပ်ငန်းရှင်များက ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အလှူငွေပေးအပ်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်းတို့က ကျေးဇူးတင်အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က မိမိတို့ခရိုင်အနေဖြင့် COVI-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ခရိုင်အတွင်းရှိ သက်မှတ်နေရာများတွင် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း အကောင်းဆုံး မျှော်လင့်ထားပေးမဲ့ အဆိုးဆုံး အခြေအနေအထိ ဖြစ်ပေါ်လာပါကလည်း စီစဉ် ဆောင်ရွက်ထားပါကြောင့် လှူဒါန်းကြတဲ့ ရရှိအလှူငွေများကိုလည်း ရန်ပုံငွေ စနစ်တကျထားရှိပြီး လိုအပ်သလို စနစ်တစ်ကျ ပြန်လည်သုံးစွဲသွားမှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ခရိုင်ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင် ကျန်းမာရေးမှူး ဒေါက်တာခိုင်ခင်ထားက အရေးပေါ် လူနာတွေ့ရှိလာပါက သက်မှတ်နေရာ အသီးသီးတွင် စစ်ဆေး/ ကုသပေးသွားနိုင်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖြစ်ကြောင်း ကျန်းမာရေးဌာနအနေဖြင့် စီမံအုပ်ချုပ်မှုပိုင်းနှင့် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားကာ အလှူရှင်များ လှူဒါန်းငွေများကို တာဝန်ရှိသူများက လက်ခံရယူပေး ခဲ့ကြသည်။

COVI-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းမြို့ စက်မှုဇုံလုပ်ငန်းရှင်များက ပထမ အကြိမ် လှူဒါန်းခြင်းဖြစ်ပြီး အလှူငွေ စုစုပေါင်း (၆၃)သိန်းကျော် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်