ဟားခါး သြဂုတ် ၂၇
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်၊ ဟားခါး-ဂန့်ဂေါလမ်း တန်ပိုစစ်ဆေးရေးဂိတ်နှင့် ဟားခါး−ဖလမ်း−ကလေးလမ်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီမှ စတင်၍ တာဝန်ရှိ သူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ဝင်ရောက်လာသည့်အများပြည်သူများ၊ ခရီးသွားဧည့်သည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ နှာခေါင်းစီး (Mask)များတပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များတွင်စီးနင်း လိုက်ပါလာသူများအား ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းတို့ကို ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ဦးနှင့် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ပူးပေါင်းအဖွဲ့ဝင်များမှ အလှည့်ကျ တာဝန်ယူပြီး နံနက်(၇)နာရီက စတင်၍နေ့စဉ် ကျန်းမာရေးစစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)