တွန်းဇံ ဩဂုတ် ၂၄
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွန်းဇံမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေးအဖွဲမှ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်နှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ ပူးပေါင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် မဲစာရင်းများ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ဆန္ဒမဲစာရင်းများ စစ်ဆေးရာတွင် ပထမအကြိမ်ထုတ်ပြန်ထားသော စာရင်းတွင်ပါဝင်ခြင်း မရှိသူများ၊ တစ်ခြားမြို့နယ်မှ ပြန်လည်ရောက်ရှိလာသူများနှင့် လုပ်ငန်းကိစ္စဖြင့် တစ်ခြားမြို့များသို့ ရောက်ရှိကြမည့် စာရင်းများအား အတိအကျ စာရင်းကောက်ယူခြင်း၊ မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသူများကို ပါဝင်ခွင့် ရရှိရေးအတွက် ပုံစံ(၃)ဖြင့် ပြန်လည်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများကို တွေ့ရှိပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းများပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် အချိန်မီ ပြန်လည်ပြင်ဆင် လျှောက်ထားနိုင်ရေးအတွက် တွန်းဇံမြို့ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရှိ အဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)