ရေဇွာ သြဂုတ် ၂၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့ ရပ်ကွက်(၄)ကွက်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို သြဂုတ်လ(၂၁)ရက်နေ့မှ စတင်၍ (၂၅)ရက်နေ့အထိ (၅)ရက်အတွင်း အပြီးစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးနှင့်ဆန္ဒမဲ ပေးပိုင်ရှိသူများ ကျန်ရှိမှု မရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်းအောင်လိန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရေဇွာမြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် မြို့မိ၊ မြို့ဖများ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲစာရင်းများအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆန္ဒရှင်မဲစာရင်းများ စစ်ဆေးရာတွင် ပထမအကြိမ်ထုတ်ပြန်ခဲ့သော စာရင်းတွင် ပါဝင်ခြင်း မရှိသူများ၊ တစ်ခြားမြို့မှ ပြန်လည်ရောက်ရှိလာသူများနှင့် ရေဇွာမြို့မှ လုပ်ငန်းကိစ္စဖြင့် တစ်ခြားမြို့သို့ ရောက်ရှိကြမည့် စာရင်းများအား အတိကျ စာရင်းကောက် ယူခြင်း၊ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသူများကို ပါဝင်ခွင့်ရရှိရေးပုံစံ(၃)ဖြင့် ပြန်လည်လျှောက်ထားစေခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူများ တွေ့ရှိပါကပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်း များပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် အချိန်မီပြန်လည်ပြင်ဆင် လျှောက်ထားနိုင်ရေးအတွက် ရေဇွာမြို့ဌာနဆိုင်ရာများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)