သံလွင်မြစ်​ရေမြှင့်တက်လာမှုအ​​ခြေအ​နေအားတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုပြီး ယာယီ​ရွှေ့​ပြောင်း​​နေရာချထား ခြင်းများ​ဆောင်ရွက်

ဖား​ဆောင်း   သြဂုတ်  ၂၂

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ဖား​ဆောင်းမြို့နယ်အတွင်းတွင် သံလွင်မြစ်​ရေမြှင့် တက်လာမှုအ​ခြေအ​နေကို မြို့နယ်သဘာဝ​ဘေးအန္တရာယ် စီမံခန့်ခွဲမှု​ ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် ​ကော်မတီဝင်များက ယ​နေ့​နေ့လည် (၁၁)နာရီ အချိန်က သံလွင်မြစ်​ကြောင်း တစ်​လျှောက် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထို့​နောက် သဘာဝ​ဘေးအန္တရာယ်စီမံခန့်ခွဲ​ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး​ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်း​​ဇော်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊​ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမြို့နယ် ဦးစီးမှူး​ ဒေါ်နီနီ​ထွေးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊လူမှုကူညီ​ရေးအသင်းအဖွဲ့များက သံလွင်မြစ်ကမ်းတစ်လျှောက်​နေထိုင်သည့် အိမ်​ထောင်စု (၁၉) စု၊ လူဦး​ရေကျား(၃၃)ဦး၊မ(၂၇)ဦး စုစု​ပေါင်း(၆၀)ဦးတို့အား ၄င်းတို့၏ ​ဆွေမျိုးနီးစပ်ရာနေအိမ်များသို့ ပြောင်း​ရွှေ့​နေထိုင်နိုင်​ရေး နေရာချထား​ပေးခြင်းများ  ​ဆောင်ရွက်​ပေးခဲ့ကြသည်။

အဆိုပါ သံလွင်မြစ်​ရေသည် မိုး​လေဝသနှင့်ဇလ​ဗေဒညွှန်ကြားမှုဦးစီးဌာန မြစ်​ရေကြီးခြင်း သတိ​ပေးချက်အရ ​ ဖား​ဆောင်းမြို့၏ စိုးရိမ်​ရေမှတ်သို့ ​ရောက်ရှိ​ နေပြီ ဖြစ်​သော​ကြောင့် မြစ်ကမ်းအနီးနှင့်​မြေနိမ့်ပိုင်းတွင်​နေထိုင်သူများအ​နေဖြင့် အထူးသတိပြု​နေထိုင်ကြရန် လိုအပ်​ကြောင်း ၊သံလွင် မြစ်​ရေ မြှင့်တက်မှု​ကြောင့် လူနှင့်ကျွဲ၊နွား၊တိရိစ္ဆာန်များ ထိခိုက်မှုမရှိ​ကြောင်းသိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)