မယ်စဲ့မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မယ်စဲ့ ဩဂုတ် ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေ များဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သြဂုတ်၂၁ရက်က ခရိုင်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နမ့်ဟူးကျေးရွာ ကျိုက်ထီးရိုးတောရကျောင်း အဝင်လမ်း မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ ယင်းလမ်း ပေါ်ရှိ (၁၅)ပေ ကွန်ကရစ်တံတားတစ်စင်း၊ ပေ(၃၀) ကွန်ကရစ်တံတားတစ်စင်း၊ ပေ(၃၀) ကွန်ကရစ်ရေကျော် တံတား တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် အရှည်(၂၂၈၅)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အရှည်(၂၃၀၀)ပေ ကွန်ကရစ် လမ်း ခင်းခြင်းလုပ်ငန်း၊ ပေ(၄၀) လူကူးသစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့မြို့ မြို့ကွက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့ပတ်လမ်း နှင့် ဘုန်းကြီးကျောင်း နောက်ကြောလမ်း 50 HP မော်တာ ၆ လက်မ အဝင်အထွက် ရေပန့်တပ်ဆင်ခြင်းလုပ်ငန်း၊ အမှတ်(၂) မြို့ရှောင်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်း၊ မန်းဘခိုင်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်း၊ စီမံကိန်းရုံးရှေ့ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ ကျောက်စီရေမြောင်းပလက်ဖောင်းနှင့် ရေဆိုးထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (၆)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေး ကောင်းမွန်စေရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)