ဖားဆောင်း သြဂုတ် ၂၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဖားဆောင်း မြို့ဝင်/ ထွက် စုပေါင်းဂိတ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များ၊ ရွှေပြည်သို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များက မြို့ဝင်/ထွက် ပူးပေါင်းစစ်ဆေးဂိတ်၌ ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင် စစ်ဆေးပြီး Mask တပ်ဆင်ခြင်း မရှိသူများအား Mask နှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်း ဝယ်ယူ တပ်ဆင်စေကာ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဒဏ်ကြေးငွေ ပေးဆောင်မှုအနေနဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် ယခင်ကထက် Mask တပ်ဆင်သူ ပိုမိုများပြားပြီးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များအတိုင်း ပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်များ လိုက်နာဆောင်ရွက် လျက် ရှိကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက ပြောကြားခဲ့ပြီး မဖြစ်မနေ Mask တပ်ဆင်ရေး အရှိန်အဟုန်မပျက် ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)