ရေဇွာမြို့၌ သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဖွင့်လှစ်ရောင်းချ

ရေဇွာ  သြဂုတ် ၂၁

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချခြင်းကို ရေဇွာမြို့စည်ပင်သာယာရေးအဖွဲ့ရုံးခန်း၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် ရောင်းချခြင်းနှင့် ပတ်သက်သည့် ကြော်ငြာစာများကို သြဂုတ်လ(၁၀)ရက်နေ့ မှစတင်၍ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကြော်ငြာသင်ပုန်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် လက်ဖက်ရည်ဆိုင်များ စသည့် အများပြည်သူ အလွယ်တကူ မြင်နိုင်သော နေရာများတွင် ကပ်ထားကြော်ငြာခဲ့ပြီး ဖြစ်ပါသည်။

ယင်းနောက် (သားသတ်လိုင်စင်) စည်းကမ်းချက်များနှင့် ပတ်သက်ပြီး စည်ပင်အင်ဂျင်နီယာ ဦးဖွန်ဆန်းအောင်က ပြောကြားရာတွင် "သားသတ်လိုင်စင် ရရှိသူအနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်အသားသတ်ရန်၊ အသားတစ်ပိသာလျှင် ၈၀၀၀/(ရှစ်ထောင်ကျပ်တိတိ)ဖြင့် ရောင်းချရန်နှင့် အဆိုပါလိုင်စင်အား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှ ၀၂၁ခုနှစ်၊ စက်တင်ဘာလအထိ အကြုံးဝင်မည်"ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (အမဲသားသတ်လိုင်စင်)နှင့် (ဝက်သား သတ်လိုင်စင်)အား ကြမ်းခင်းစျေး-၃၅၀၀၀၀ (သုံးသိန်းငါးသောင်းကျပ်တိတိ)စီဖြင့် ရောင်းချခဲ့ရာ ယခုနှစ်တွင် လျှောက်ထားသူ မရှိသဖြင့် ယခင်နှစ်က လေလံရရှိထားသူ မွှာပီးရပ်ကွက်နေ ဦးခွါဟဲက (၃၆၀၀၀၀)စီဖြင့် ဝက်သားနှင့် အမဲသားသတ်လိုင်စင် (၂)ခုစလုံးအား ၇၂၀၀၀၀/ (ခုနှစ်သိန်းနှစ်သောင်း ကျပ်တိတိ)ဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)