လိုင်လင်းပီ၌ ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံ​ပေးရန်အတွက် စာရင်းကောက်ခံခြင်းဆောင်ရွက်

လိုင်လင်းပီ  ဩဂုတ် ၂၁

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံပေးရေးအတွက် ကြိုတင်အသိ​ပေး နှိုးဆော်ခြင်းနှင့် စာရင်းများကောက်ယူဆောင်ရွက်ခဲ့ကြရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် အမျိုးသမီးငယ်များ စုစုပေါင်းလဦးရေ (၇၄)ဦး စာရင်းကောက်ခံရရှိကြောင်း ကျေးလက်ကျန်းမာရေး ဌာနမှ သိရသည်။

ယင်းသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးရာတွင် သတ်မှတ်ချက်များ နှင့်အကျုံးဝင်သည့် ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လအတွင်း မွေးဖွားသူ (သို့မဟုတ်) အသက်(၉)နှစ်ပြည့်မှ အသက်(၁၀)နှစ်အထိ မိန်းကလေးများသာ ထိုးနှံရမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် လိုင်လင်းပီမြို့၌ ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထိုးနှံပေးကြမည်ဖြစ်ကြောင်းနှင့် ယင်းကာကွယ်ဆေးသည် ပုံမှန်ကာကွယ်ဆေး ထိုးခြင်းအစီအစဥ်များတွင် (၁၃)မျိုးမြောက် ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

ယာကမ် (ပြန်/ဆက်)