ခန္တီးမြို့၌ လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြု

ခန္တီး   ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်းရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် မောင်မယ် များကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ဂုဏ်ပြုပွဲ အခမ်း အနားပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးကျော်သူက လူရည်ချွန်ဆိုတာ စာတော်ပြီး ဂုဏ်ထူးထွက်တိုင်း မရပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ကျွမ်းကျင်မှုများကို ရွေးချယ်ရပါကြောင်း၊ မိမိဘဝကောင်းကျိုးအတွက် အမြင့်ဆုံးဖြစ် အောင်ကြိုးစားပါ၊ မိမိဒေသ အတွက်အကျိုးပြုနိုင်သည့် နိုင်ငံ့သား၊ သမီးကောင်းများဖြစ်ကြပါစေလို့ ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် လူရည်ချွန်များကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင်ပညာရေးမှူး ဦးကျော်သူ၊ လူရည်ချွန်ဟောင်းဆရာမများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို ချီးမြှင့်ပေးခဲ့ သည်။ ထို့နောက် ခန္တီးမြို့နယ်မှ လူရည်ချွန်ရရှိသည့် မောင်စိုင်းရဲရင့်ဝေလွင်အတွက် Upper Chindwin ကုမ္ပဏီနှင့် ပြည်သိန်းခိုင်ကုမ္ပဏီတို့က ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းသုံးသောင်း၊ လူရည်ချွန်ဟောင်း ဒေါ်နန်းလီခမ်းအောင်က ငါးသောင်းနှင့် အ.ထ.က ခန္တီး ကျောင်း အကျိုးဆောင်အဖွဲ့က ငါးသောင်းဂုဏ်ပြု ဆုငွေကို ဒု-မြို့နယ်ပညာရေးမှူး ဦးထွန်းဇော်အောင်ကချီးမြှင့်ပေးကာ ဟုမ္မလင်းမြို့နယ်မှ လူရည်ချွန်ရရှိသူများကို ဟုမ္မလင်းမြို့နယ် အ.ထ.က (၁) ကျောင်းအုပ်ကြီး ဦးမျိုးထွန်းက ဂုဏ်ပြုဆု ငွေချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)