ဟားခါး သြဂုတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စာရင်းဇယားများ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေဆုံးရှုံးမှု မရှိစေရေးနှင့် အတိုးနှုန်းများ မှန်ကန်စွာ ကောက်ခံရရှိစေရေးရည်ရွယ်၍ ဟားခါးမြိုနယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာများမှ ကော်မတီဝင်များ၏ တတိယအဖွဲ့မွမ်းမံသင်တန်းကို ယနေ့က ဟားခါးမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းက မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီးနောက် ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာ၊ ဆရာမများက မိမိကဏ္ဍအလိုက် သင်ကြား ပို့ချပေးခဲ့ကြပြီး အဆိုပါတတိယအဖွဲ့သင်တန်းတွင် သင်တန်း သား ၂၇ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၂ ရက်နေ့အထိ သင်ကြား ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပထမအဖွဲ့မွမ်းမံသင်တန်းကို သြဂုတ်လ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအဖွဲ့ကို သြဂုတ်လ ၁၉ ရက်နေ့တွင်လည်းကောင်း၊ အဖွဲ့တစ်ဖွဲ့လျှင် သင်တန်းသား ၂၇ ဦးနှုန်းဖြင့် သင်တန်း ချိန် (၂) ရက်ကြာစီ သင်ကြားပို့ချပေးခဲ့ပြီး တတိယအဖွဲ့တွင်(၂၇)ဦး သင်တန်းသားစုစုပေါင်း (၈၁) ဦးသင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရာတွင် အိမ်ခြေ (၈၀) အထက်ကို ယူနစ်(၁) ယူနစ်အဖြစ် သတ်မှတ်၍ (၁) ယူနစ်လျှင် ငွေကျပ်သိန်း(၃၀၀) နှုန်း မတည်ငွေထုတ်ချေး ပေးလျက်ရှိပြီး ကိုဗစ် - ၁၉ ရောဂါမတိုင်မီ အချိန်က ငွေကျပ် ၁၀၀လျှင် အတိုးနှုန်း ၁ ကျပ်နှုန်းဖြင့် ထုတ်ချေးပေးရာမှ ယခုတွင် ငွေကျပ် ၁၀၀ လျှင် အတိုးနှုန်း (၅၀) ပြားနှုန်းဖြင့် လျှော့ချ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဟားခါးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာစုစုပေါင်း (၃၆) ရွာရှိပြီးယူနစ်အနေဖြင့် စုစုပေါင်း (၂၇)ယူနစ်ရှိကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရှိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)