ထန်တလန်မြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှု မရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ထန်တလန်  ဩဂုတ် ၂၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စိစစ်ဆောင်ရွက်ရာတွင် ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့နှင့်အတူ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ ရပ်ကွက်ရာအိမ်မှူးနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများက လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်မှုရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သူများ ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်း ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက် မှားယွင်းမှုများကို ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လျှောက်ထား နိုင်ရေးအတွက် တစ်အိမ်တက်   တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းစိစစ်ကာ ဆန္ဒမဲစာရင်းများ တိကျမှန်ကန်မှု ရှိစေရေး ဆောင်ရွက်ခဲ့ကြသည်။

ထန်တလန်မြို့ရှိ ရပ်ကွက်များသို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဖွဲ့ငယ်များခွဲ၍ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး အတွက်   သြဂုတ်လ ၂၁ ရက်နေ့မှ  သြဂုတ်လ ၂၈ ရက်နေ့အထိ ရက်သတ္တ  တစ်ပတ်ကြာ ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျင်ငိုက်မန်(ပြန်/ဆက်)