တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြား ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ သွားလာမှု ခေတ္တ ပိတ်ဆို့မည်

တွန်းဇံ  ဩဂုတ် ၂၁

တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြားတွင် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ မောင်းနှင် သွားလာမှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၁)ရက်နေ့မှ စတင်ပြီး ယာဉ်ကြီးများ (၃တန်နှင့် အထက်ယာဉ်များ) သွားလာမှုကို ခေတ္တပိတ်ဆို့ထားမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြား ကီလိုမီတာ(၇၄-၇၅)ကြားတွင် (၁၁-၈-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်း လမ်းသားများပဲ့ကျပြီး ယခုလက်ရှိ အချိန်တွင် လမ်းသားအကျယ် (၉)ပေခန့်သာ ကျန်ရှိ၍ ယာဉ်ကြီးများသွားလာရန် အန္တရာယ်ရှိသော နေရာဖြစ်ပါသည်။

အဆိုပါ ပဲ့ကျနေသောနေရာတွင် ယာဉ်များအန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေရန်နှင့် ခရီးသွားပြည်သူများ ခရီးသွားလာရာတွင် ပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် ကာလမ်းပြင်ဆင်မှုများကို ၂၂ ရက်နေ့မှ စတင်ပြီး ကားလမ်း လမ်းတာချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လမ်းတာချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ခရီးသည်တင် မော်တော်ကားများနှင့် အိမ်စီးကားများ မှအပ ကုန်တင်ယာဉ်ကြီးများနှင့် ၃-တန်နှင့်အထက် မော်တာ်ယာဉ်များကို (၂၁-၈-၂၀၂၀) ရက်နေ့မှ စတင်ပြီး (၁၀)ရက်အတွင်း ကုန်တင်ကားကြီးများ သွားလာမှုကို ခေတ္တပိတ်ဆို့ ထားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဝေဖြိုး(ဇလပ်မြေ)