ရိခေါ်ဒါရ် သြဂုတ် ၂၁
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်လုပ်ငန်းသုံးမျိုးအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့ပြီး ဖြစ်ပါသော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ် ရက်ဖြစ်သည့် ဩဂုတ် ၂၁ ရက်အစား ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်သို့ လေလံရောင်းချမည့် သတ်မှတ်ရက်ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။
အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်၌ အမဲသားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၅၀၃၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၂၅၁၅၀၀၀/-)၊ ဝက်သားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၇၁၆၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၈၅၈၀၀၀၀/-)နှင့် မြို့ဝင်ဘီးကောက် လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၂၀၁၂၅၀၀/-(စားပွဲတင်အာမခံကြေး- ၆၀၀၆၂၅၀/-) တို့ဖြစ်ကြောင်း သိရသည်။
အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက် ကြော်ငြာစာများကို ရိခေါ်ဒါရ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စည်ပင်သာယာ ရေးအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာပြဘုတ်များတွင် ကပ်ထားကြော်ငြာထားပြီး ၎င်းလုပ်ငန်းလိုင်စင်ကိစ္စ အသေးစိတ် သိရှိလိုပါက ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးရုံး၊ ဖုန်းအမှတ် - ၀၉၄၀၀၃၁၁၇၅၅ နှင့် ၀၉၆၇၇၀၄၄၂၈၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)