ချင်းပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် လုပ်ငန်းပေါင်း (၅၇၈) ခုတွင် စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရ

ဟားခါး  သြဂုတ် ၂၁

ချင်းပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို (၂၀၁၉) ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအမိန့်အမှတ် (၁၃/၂၀၁၉) ဖြင့်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးစစ်တမ်းကို ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး၏ လမ်းညွှန်မှုကိုခံယူ၍ စာရင်းကောက်ယူရေးလုပ်ငန်း ဆပ်ကော်မတီကို ချင်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ကာ ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်မှအပ ကျန်မြို့နယ် များတွင် စစ်တမ်း ကောက်ယူလျက်ရှိကြောင်း သိရှိရပါသည်။

စစ်တမ်းကောက်ယူရေး လုပ်ငန်းများကို ချင်းပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၇ ရက်နေ့မှစ၍ အစားအစာ ထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများရှိ လုပ်ငန်းပေါင်း (၅၇၈) ခုတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများထဲတွင် ကလေးအလုပ်သမားများ ရှိ မရှိ ကို ကွင်းဆင်း ကောက်ယူလျက်ရှိပြီး သြဂုတ်လ ၂၉ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူရေးအဖွဲ့တွင် ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်း (၆) ဦး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၇) ဦးနှင့် ဗဟိုစာရင်းအင်း အဖွဲ့မှ ဝန်ထမ်း (၈) ဦးစုစုပေါင်းဝန်ထမ်း (၂၁) ဦးဖြင့် အဖွဲ့ (၄) ဖွဲ့ခွဲ၍ ကောက်ယူလျက်ရှိကြောင်း ချင်းပြည်နယ် ဗဟိုစာရင်း အင်းဦးစီးဌာနမှ သိရှိရသည်။

ကလေးအလုပ်သမား ပပျောက်ရေးစစ်တမ်းကို ကောက်ယူခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှုဆိုင်ရာ အရေးယူမှုနှင့် ကာကွယ် ထောက်ပံ့မှုဆိုင်ရာ အစီအစဉ်များအား အထောက်အပံ့ ပေးနိုင်ရေး၊ တူညီသည့် လုပ်ငန်းခွင်များတွင် လုပ်ခလစာတန်းတူ ရရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာရည်မှန်းချက်များကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည့် စာရင်းအင်းအချက်အလက်များကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်နိုင်စိုး ခရိုင်(ပြန်/ဆက်)