ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များ၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချမှု ရှိ မရှိ ကွင်းဆင်း စစ်ဆေး

မင်းတပ်  သြဂုတ် ၂၁

မင်းတပ်မြို့ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များ၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် ဆေးဝါးများ ရောင်းချမှု ရှိမရှိကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ မင်းတပ်မြို့ရှိ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ ပူးပေါင်း၍ စစ်ဆေးကြသည်။

မင်းတပ်မြို့ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးကျော်ဆန်းလှိုင် က "မင်းတပ်မှာရှိတဲ့ ကုန်စုံဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ သက်တမ်းလွန်စားသောက်ကုန်တွေ၊ ခွင့်မပြုဓာတု ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ သက်တမ်းလွန်ဆေးဝါးတွေ ရောင်းချမှု ရှိ မရှိ အဓိက စစ်ဆေးတာ ဖြစ်ပါတယ်၊ ခုက ပြည်နယ်ကလာတဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေးပါတယ်၊ ပြည်သူတွေ သက်တမ်းလွန် စားသောက်ကုန်တွေနဲ့ သက်တမ်းလွန် ဆေးဝါးတွေ၊ ခွင့်မပြုဓာတုဆိုးဆေးပါတဲ့ အစားအသောက်တွေ ဝယ်ယူသုံးစွဲမှုမရှိအောင် ရည်ရွယ်ချက်နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်၊ တစ်လမှာ နှစ်ကြိမ်ပုံမှန် စစ်ဆေးပါတယ်။" ဟုပြောသည်။

မင်းတပ်မြို့ရှိ ဆေးဆိုင်များနှင့် စျေးဆိုင်များ၌ ဖမ်းဆီးထားတဲ့ သက်တမ်းလွန် စားသောက်ကုန်များနှင့် ဆေးဝါးတွေကို စည်ပင်ဧရိယာ အတွင်း သတ်မှတ်ထားတဲ့နေရာတွင် စနစ်တကျ မီးရှို့ ဖျက်ဆီးကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)