ဟားခါး သြဂုတ် ၁၉
ချင်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းကို သြဂုတ်လ ၁၇ ရက်နေ့တွင် ဟားခါးမြို့ စျေးသစ်ရပ်ကွက် ကာရာနီနှစ်ခြင်းအသင်းတော်ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်တွင်သင်္ဘောသီးယို ပြုလုပ်နည်းများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
“ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ဒေသခံပြည်သူများအနေနဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ရန်ပုံငွေဖြင့် ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေး လုပ်ငန်းများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် သင်ကြားဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း” ပြည်နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ သုတေသန လက်ထောက်−၃ ဒေါ်လှဇခင်က ပြောကြားသည်။
အဆိုပါ စားသောက်ကုန်လုပ်ငန်းခွင် သင်တန်းတွင် ဇီးယို၊ ဂျင်းယို၊ သင်္ဘောသီးယို၊ ရှောက်ယို၊ ခရမ်းချဉ်သီးယို စသည့် စားသောက်ကုန် (၅) မျိုး သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ ဟားခါးမြို့ပေါ်ရှိ ဒေသခံ ပြည်သူ (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ထန်တလန်မြို့တွင်လည်း စက်တင်ဘာ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ လူသုံးကုန် လုပ်ငန်းခွင်သင်တန်းအား လည်းကောင်း၊ စက်တင်ဘာ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ စားသောက်ကုန် လုပ်ငန်းခွင်သင်တန်းတို့ကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကျော်စွာဟိန်း ၊ ခရိုင်(ပြန်/ဆက်)