ဖလမ်း ဩဂုတ် ၁၉
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် နေထိုင်ကြသည့် အရွယ်ရောက်ပြီးသူများတွင် သိုင်းရွိုက်ဂလင်း ပုံမှန်ဆောင်ရွက်မှု မရှိခြင်းကို ကနဦးဆောလျင်စွာ ရှာဖွေလေ့လာခြင်းနှင့် ယင်းသို့ဖြစ်ပေါ်မှုတွင် ဆက်စပ်မှုရှိသော အချက်အလက်များ ရှာဖွေ ဖော်ထုတ်ခြင်း သုတေသနပြုလုပ်မှုကို ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်သည်။
ဤသုတေသနတွင် ပါဝင်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား မေးမြန်းခြင်း၊ အိုင်အိုဒင်းဆား ပါဝင်သော အစားအသောက်များ သုံးစွဲမှုအခြေအနေများအား မေးမြန်းခြင်းနှင့် စစ်ဆေးခြင်း၊ သိုင်းရွိုက်ဂလင်းအား စစ်ဆေးစမ်းသပ်ခြင်း၊ လက်မောင်းသွေးပြန်ကြောမှ သွေးနမူနာ (၂) မီလီမီတာကို တခါသုံးအပ်ဖြင့် ပိုးသန့်စင်သည့် ပစ္စည်းအသုံးပြု၍ ရယူခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့သုတေသနတွင် ပါဝင်ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းများ ခြင်းနှင့် နည်းခြင်းကြောင့်ဖြစ်သည့် ရောဂါများကို ဆောလျင်စွာသိရှိနိုင်ပြီး ယင်းရောဂါနှင့် ဆက်စပ်လျက်ရှိသော အကြောင်းအချက်များကို လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယင်းရောဂါများကို တွေ့ရှိပါက ဆောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ရောဂါများ ဖြစ်သော ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါများမှ ကင်းဝေးရန် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာ မို့မို့ထွန်းထံမှ သိရသည်။
ဤသုတေသနပြုလုပ်ခြင်းကို ၁၈.၈.၂၀၂၀ ရက်နေ့မှ ၂၁.၈.၂၀၂၀ ရက်နေ့အထိ အသက် ၁၈ နှစ်မှ ၆၀ နှစ်အထိ (ကျား/မ) များကို ဖလမ်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ သုတေသနပြုလုပ်ဆောင်ရွက်မှုတွင် ဆေးသုနေသနဦးစီးဌာနမှ ဆရာဝန်များနှင့် ဝန်ထမ်းများ၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် ဝန်ထမ်းများက ပြလုပ်မည်သွားဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်