ကန်ပက်လက်မြို့နယ်၌ cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

ကန်ပက်လက်  သြဂုတ်  ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကုစားရေး အစီအစဉ်အရ ကန်ပက်လက် မြို့နယ်တွင်  cash for work စီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (DRD) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၁၀) ရွာ အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (WSAP) ဖြင့် ဆောင်ရွက်သည့်  ကျေးရွာ (၇) ရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (WSAP) စီမံကိန်းဖြင့် ဆောင်ရွက်သည့်  အောက်ကန့်ကျေးရွာအုပ်စု၌ ငါးအော်ကျင်းရွာမှ အောက်ကန့်ရွာ အရှည် (၁) မိုင်၊ အောက်ကန့်ရွာ​မှ ရှီနှော့ကျင်းရွာ အရှည် (၁) မိုင်၊ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းဖောက်လုပ်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ကုစားနိုင်ရန်၊ ကျေးရွာများ တွင် အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိစေရန်၊ ရည်ရွယ်၍ဆောင်ရွက်ပေး​ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းပြီးစီးပါက ယင်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၄၂) စုနှင့် ကုန်ထုတ် လုပ်မှုတွင် အကျိုးပြုစိုက်ပျိုးမြေဧက (၂၀၀) ခန့်ရှိရာ အုပ်စုအတွင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သန်းမောင်( ပြန် / ဆက်)