ရေဇွာမြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ရေဇွာ     သြဂုတ်      ၁၈

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ကျေးလက်ကျန်းမာရေးဌာနဆေးခန်း၌ ရေဇွာ မြို့ရပ်ကွက် (၄)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက်ကလေးငယ် (၂၂၀)ဦးခန့်အား ဗီတာမင်အေနှင့် သန်ချဆေးတိုက် ကျွေးခြင်းကို ယမန်နေ့က စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အသက်(၅)နှစ်အောက်ကလေးငယ်များ မျက်စိအားဆေး ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရေဇွာကျေးလက်ကျန်းမာရေးဌာနမှ ဆရာမဒေါ်ဖွားတင်က "အသက်(၅)နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်းများကို (၆)လ တစ်ကြိမ်ဆောင်ရွက်ပေးပါတယ်၊ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းဖြင့် အသက်ကြီး လာတာနဲ့အမျှဖြစ် ပွားလေ့ရှိသော မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကာကွယ်နိုင် မှာဖြစ်ပါတယ်၊ အဲဒါကြောင့်အသက် (၅)နှစ်အောက် ကလေးငယ်များရှိသည့် မိဘများအနေနဲ့ မပျက်မကွက် လာရောက်တိုက်ကျွေးကြပါ" ဟု ပြောကြားခဲ့သည်။

ထို့နောက် ရေဇွာမြို့ ရပ်ကွက်(၄)ရပ်ကွက်ရှိ ကလေးငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ပြီး ရေဇွာကျေးလက်ကျန်းမာရေးဌာန အောက်ရှိ ကျေးရွာ( ၅) ရွာတွင်လည်း သြဂုတ်လ(၁၈)ရက် နေ့မှစ၍ ကျန်းမာရေးဝန်ထမ်းများ အဖွဲ့ခွဲကာ ဗီတာမင်အေနှင့်သန်ချဆေးများကို ဆက်လက်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)