ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် စိုးရမ်ရေအမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ

ဖောင်းပြင် ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေအမှတ်ဖြစ်သော ၁၃၂၅ စင်တီမီတာ အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်ရေသည် နောက် ၃ ရက်အတွင်း ဖောင်းပြင်မြို့၏ လက်ရှိရေအမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် ရုံးချုပ်မှ ခန့်မှန်း ထုတ်ပြန်ထားကြောင်း ဇလဗေဒတိုင်းထွာရေးစခန်း၊ စခန်းမှူး ဦးထွန်းတင်ထွေးထံမှ သိရသည်။

ထိုသို့မြစ်ရေများ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

မြင့်ထွန်း(ဖောင်းပြင်)