ဖာပွန် သြဂုတ် ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ် လျက်ရှိသည့် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ) သင်တန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့နံနက်(၉) နာရီ အချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဆွေးနွေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းနှင့် သူနာပြု ဆရာမ-၁ ဒေါ်နန်းသီသီသင်းတို့က နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများကို ပရိုဂျက်တာဖြင့် စာတွေ့လက်တွေ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ မိမိပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ်ရှိသူများ၊ နိုင်ငံခြားမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့စေလိုကြောင်း အသိပေးဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ နော်စေးနေမူး က စနစ်တကျ လက်ဆေးနည်းနှင့် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ပုံတပ်ဆင်နည်းတို့ကို လက်တွေ့သရုပ်ပြ၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း Mask တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)