မံစီ ဩဂုတ် ၁၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဂါးရာယန်ကျေးရွာအတွင်း ပြန်လည်အခြေချနေထိုင်မည့် တိုက်ပွဲရှောင် နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်နေရာချထားရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ဗန်းမော်ခရိုင်အတွင်း ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ ပြည်သူများ နေရပ်စွန့်ခွာခဲ့ကြပြီး ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးများထံသို့ သွားရောက် တိမ်းရှောင်နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေအေးချမ်းလာပြီဖြစ်၍ မိမိတို့နေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်သည့် ပြည်သူများအား မံစီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် ဦးဆောင် သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူး ဦးမြင့်ဌေးတို့က တွေ့ဆုံဆွေးနွေးကာ ပြန်လည် အခြေချ နေထိုင်ရေးအတွက် အိမ်ထောင်စု၊ လူဦးရေစာရင်းအခြေ အနေ၊အိမ်ယာအဆောက်အဦအခြေအနေ၊သောက်သုံးရေ၊လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ၊ ပညာရေး ကျန်းမာရေးအခြေအနေ၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားလိုအပ်မှု အခြေအနေများကို ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း၊ ဂါးရာယန်ကျေးရွာအတွင်းမှ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများ ပြန်လည်အခြေချနေထိုင်ရေးအတွက် ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအားကူညီ စောင့်ရှောက်ရေးကော်မတီ (KHCC)အဖွဲ့က ဂျပန်နိုင်ငံ NIPPON Foundation မှထောက်ပံ့ငွေဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများ အဆင်ပြေချောမွေ့စွာ မူလနေရာသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝ များကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့နယ်အတွင်းမှ တာဝန်ရှိသူများက အစဉ်အဆိုက် ကြိုးစားလျက်ရှိနေပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရိန် (ပြန်/ဆက်)