Covid-19 Economic Relief Plan အရ ဖလမ်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်

ဖလမ်း  သြဂုတ် 

Covid-19 Economic Relief Plan အရချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်နှင့် ရိခေါဒါရ်မြို့များတွင် ငါးမွေးမြူသောတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်ဦးက အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်ဦး၊ ချင်းပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးဦးဖီမောင်နှင့် အဖွဲ့ဝင်ဦးဗိုင်ဒွန်တို့က ငါးမွေးမြူရေးလုပ်ငန်းနှင့်  ငါးစားသုံးခြင်းဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးကြသည်။

ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးတင်မောင်ဦးက "နိုင်ငံတော်က ထောက်ပံ့တဲ့ ငါးမျိုးတွေကို လာရောက် ပေးအပ်တာ ဖြစ်ပါတယ်။ ကိုဗစ်ကာလအလွန်မှာ ငါးလုပ်ငန်း ပြန်လည် ဦးမော့လာစေရေး၊ အခက်အခဲရှိတဲ့ ငါးမွေးတောင်သူတွေကို ပြန်လည်ပြီးတော့ ဖြည့်ဆည်းပေးတဲ့သဘောပါပဲ၊ အဲဒီရည်ရွယ်ချက်နဲ့ ငါးမွေးတောင်သူတွေကို ငါးမျိုးများပေးအပ် ခြင်းဖြစ်ပါတယ်။ ပြီးတော့ချင်းပြည်နယ်မှာ နိုင်ငံတော်ကိုအခွန်အခပေးပြီးတော့ မွေးမြူနေတဲ့လူတွေ ကိုပဲ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ် "ဟု ပြောသည်။

ဖလမ်းမြို့နယ်အတွင်း ငါးမွေးတောင်သူ (၁၃၃)ဦးရှိကြောင်း သိရသည်။ "ကျွန်တော်ကတော့ အစိုးရက စားဝတ်နေရေး ပြေလည်ဖို့နှင့် လူမှုဖူလုံရေးအတွက် ငါးများကို အခမဲ့ဖြန့်ဝေပေးတဲ့ နေရာမှာ ကျွန်တော်တို့က လာယူခြင်းဖြစ်ပါတယ် "ဟု ဖလမ်းမြို့ ငါးမွေးတောင်သူ ဦးကျော်ကပြောသည်။

ငါးမွေးတောင်သူများအတွက် မြက်စားငါးကြင်းနှင့် ငါးခုံးမကြီးငါးမျိုးစိတ်တို့ဖြစ်ပြီး ချင်းပြည်နယ်တစ်ခုလုံးတွင် မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီးတို့ဖြစ်ကြောင်း၊ ဖလမ်းမြို့နယ်တွင် ငါးမွေးမြူသူ (၁၃၃)ဦးအတွက် ငါးကောင်ရေ ၃၂၀၀၀၊ ရိခေါဒါရ်မြို့ ငါးမွေးတောင်သူ (၃၉)ဦးအတွက် ငါးမျိုးကောင်ရေ ၂၅၀၀ စုစုပေါင်း ငါးမွေးတောင်သူ (၁၇၂)ဦးထံ ငါးမွေးကောင်ရေ ၃၄၅၀၀ ကို    ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)