ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဒုတိယအကြိမ် ထုတ်ချေးပေး

ပွင့်ဖြူ ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒုတိယအကြိမ်မြောက် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံများက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ထုတ်ချေးနေမှု အခြေအနေများ ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုးတက် အောင်မြင်မှုရှိစေရေး လိုက်နာရန်အချက်များနှင့် စီမံကိန်းချေးငွေများ စနစ်တကျ သုံးစွဲသွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ညောင်ပင်ဝိုင်းကျေးရွာရှိ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင် အသင်းသားဦးရေ စုစုပေါင်း ၁၀၃ ဦးအား ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် အတွက် စီမံကိန်းချေးငွေကျပ် (၃၀၄)သိန်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)အစီအစဉ်အား ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကြုံတွေ့နေရသည့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည်တုံ့ပြန် ဆောင်ရွက်သည့် အနေဖြင့် လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချလိုသူများ၊ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ အခက်အခဲမရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးချဲ့ ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောပြ၍ သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)