ဟားခါး သြဂုတ် ၉
ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အတွက် တပ်မတော်မှ လှူဒါန်းသည့် အောက်ဆီဂျင် Plant သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူနှင့်အဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိအောက်ဆီဂျင် Plant မှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၁၂ လုံး ထုတ်လုပ်မှု အခြေအနေ၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးကြီး အလုံး ၃၀၀ မှာယူသည့်အနက် အလုံး ၂၀၀ ရောက်ရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ရှင်းလင်းပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုရောက်ရှိလာသည့် အောက်ဆီဂျင် Plant အား အမြန်ဆုံးတပ်ဆင် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယခု အသစ်ရောက်ရှိလာသည့် အောက်ဆီဂျင် Plant တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး(၃၄) လုံးဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ဟားခါးပြည်သူ့ဆေးရုံကြီး အတွက် အောက်ဆီဂျင် လိုအပ်ချက်ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)