မတူပီခရိုင်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း (ဒုတိယနေ့) ဆက်လက် ဆောင်ရွက်

မတူပီ ဩဂုတ် ၁၃

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည့်  မတူပီခရိုင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းဒုတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးအဲလ်စန်တွဲက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ အမည်စာရင်း စိစစ်ခြင်းလုပ်ငန်း စတင်ကြောင်း ကြေညာပြီး စိစစ်မည့် အဖွဲ့တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်/ခွဲ အဖွဲ့ဝင်များက အများယုံကြည်သူပုဂ္ဂိုလ် (၅)ဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်းအားဦးစီးဌာနမှ တာဝန်ခံနှင့် တွဲဖက်အတွင်းရေးမှူး အပါအဝင် စုစုပေါင်း (၁၁) ဦးဖြင့်  ဖွဲ့စည်းထားကြောင်း ပြောကြားသည်။

ယင်းနောက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန် က (၁၁.၈.၂၀၂၀) ရက်နေ့တွင် ကိုယ်စားလှယ်လောင်း တင်သွင်းလွှာ တင်သွင်းသူ (၂၅) ဦး၏  အချက်အလက်များ စိစစ်ခဲ့ပြီး (၁၂.၈.၂၀၂၀) ရက်နေ့တွင်  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆောင်ရွက်လိုခြင်း မရှိတော့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းထားသူ (၁) ဦးက မိမိသဘောဆန္ဒအလျောက် ကိုယ်တိုင် ကန့်ကွက်လွှာ တင်သွင်းခဲ့သည့်အတွက် ယနေ့တွင် ကျန်ရှိသည့် ကိုယ်စားလှယ်လောင်း တင်သွင်းလွှာ တင်သွင်းသူ (၂၀) ဦး၏ တင်သွင်းလွှာများအား စိစစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ခရိုင်လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်း (ဒုတိယ) နေ့အထိ တင်သွင်းလွှာ တင်သွင်းသူ စုစုပေါင်း (၄၅) ဦး ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)