ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၄၃၀ ခု လှူဒါန်းပေး

ရိခေါ်ဒါရ်  သြဂုတ်  ၁၂

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းအောက်ရှိ အမျိုးသမီးရေးရာ ကိုယ်ထူကိုယ်ထအဖွဲ့မှ ရိခေါ်ဒါရ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို ယမန်နေ့က ပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၄၃၀ ခုကို ရိခေါ်ဒါရ်မြို့ အမျိုးသမီးရေးရာ ကိုယ်ထူကိုယ်ထအဖွဲ့ဝင် ဒေါ်သီတာနှင့် ဒေါ်လားလ်မှိန်းလှူးတို့က ပေးအပ်ခဲ့ရာ အ.ထ.က ကျောင်းအုပ်ဆရာကြီးက လက်ခံပေးခဲ့ကြောင်း၊ အဆိုပါ Mask များ တပ်ဆင်အသုံးပြုနည်းများကို အမျိုးသမီးရေးရာအဖွဲ့ဝင်များ က လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်းများကို ရိခေါ်ဒါရ်မြို့ အမျိုးသမီးရေးရာ ကိုယ်ထူကိုယ်ထ အသင်းမှ အဝတ်ပိတ်စဖြင့် ကိုယ်တိုင်ချုပ် လုပ်ထားခြင်းဖြစ်ပြီး၊ ၎င်း Mask များကို အသုံးပြု ပြီးပါက လျှော်ဖွတ်၍ ပြန်လည်အသုံးပြုနိုင်ပြီး ကြာရှည်ခံသည့် Mask များဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရပ်ကွက်ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများမှ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် မျှော်မှန်းပြီး ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက်ရှိ အိမ်ထောင်စုအလိုက် အိမ်ထောင်စုတစ်စုလျှင် နှစ်ခုစီဖြင့် Mask ၁၅၀၀ ကျော်ကို လည်းကောင်း၊ အ.ထ.က ကျောင်းသား ကျောင်းသူများ တစ်ဦးလျှင် နှစ်ခုစီဖြင့် ၄၃၀ ခုကိုလည်းကောင်း အခမဲ့ ဖြန့်ဝေပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ်