ကျီခါး ဩဂုတ် ၁၂
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများဖြစ်သည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသိပေး ကြေညာကပ်ထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကြည့်ရှုရေး နှိုးဆော်ချက်များ၊ ပထမအကြိမ် ကြည့်ရှုရက် (၁၄)ရက်အပြင် ဩဂုတ်လ(၈)ရက်ရက်နေ့မှ (၁၄)ရက်နေ့အထိ (၇)ရက်ထပ်မံတိုးမြှင့် ပေးထားသည့် ကြေညာချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရာတွင် မဲစာရင်း၌ မိမိအမည် မပါ၀င်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မပါ၀င်သင့်၍ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက (၄-ဂ)ဖြင့် ပြင်ဆင်ပယ်ဖျက်ခြင်းများကိုလည်းကောင်း၊ မဲဆန္ဒရှင်များမှ မကြာခဏ မေးလေ့မေးထရှိသော မဲစာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများကို လည်းကောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူများ လေ့လာကြည့်ရှုလျက် ရှိကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)